ကျွန်တော်တို့ရဲ့မြို့ကလေး

Sunday, January 23, 2011

ပြည်တွင်းတွင် ATM & DEBIT card များ သုံးနိုင်တော့မည်

မကြာမီ လုပ်ကိုင်ခွင့်ပေးတော့မည့် ATMကတ်နှင့် Debit ကတ်စနစ်များ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များ ပြင်ဆင်




မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သော ပြည်တွင်းဘဏ်များသည် ယခုနှစ်အတွင်း မကြာမီ လုပ်ကိုင်ခွင့်ပေးတော့မည့် ATM ကတ်နှင့် Debit ကတ်စနစ်များ အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိပြီး အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ အပါအ၀င် ဘဏ်အများစု လုပ်ကိုင်ခွင့်ရလာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
"အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဘဏ်တွေ၊ ပုဂ္ဂလိကပိုင်ဘဏ်တွေ အနေနဲ့ ဗဟိုဘဏ်ကခွင့်ပြုတာနဲ့ အကြွေးဝယ်ကတ်နဲ့ အေတီအမ်ကတ်တို့ကို အသုံးပြုနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘဏ်အများစု လုပ်ကိုင်ခွင့်ရလာနိုင်တယ်။ ဗဟိုဘဏ်ကရော ပြည်တွင်းဘဏ်တွေကပါ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လေ့လာနေတာ ရှိပါတယ်။ အသုံးပြုရမယ့်စက်တွေ၊ ဆော့ဖ်ဝဲတွေ၊ စနစ်တွေကို လေ့လာနေတာပါ"ဟု ဘဏ်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်သော ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပုဂ္ဂလိကဘဏ်သစ်လေး ဘဏ်တည်ထောင်ခွင့်ပေးပြီး နောက်ပိုင်းပြန်လည်တိုးတက်လာပြီး အခြားငွေရေးကြေးရေး လုပ်ကိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် မျှော်မှန်းပြင်ဆင်လာကြကြောင်း၊ ပြည်တွင်းငွေကြေး လည်ပတ်မှုနှင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေစေရန် အကြွေးဝယ်ကတ် ၀န်ဆောင်မှုကို ဆောင်ရွက်ခွင့်ရလာရန် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းက လိုလားကြောင်း သိရပါသည်။
"တာဝန်ရှိသူတွေကလည်း ပြည်တွင်းဘဏ်လုပ်ငန်းတွေကို အကြွေးဝယ်ကတ် အသုံးပြုခွင့်ပေးချင်တယ်လို့ သိရတယ်။ အဓိကကတော့ ငွေကြေးလည်ပတ်မှုနဲ့ ငွေပေးချေမှု ပိုအဆင်ပြေလာဖို့ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်သစ် တချို့ဆို ဘဏ်စတည်ထောင်ကတည်းက အကြွေးဝယ်ကတ်အသုံးပြုခွင့်ပေးတာနဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားတာ တွေ့ရတယ်။ တကယ်အသုံးပြုခွင့်ပေးရင် ဘဏ်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ စနစ်တကျလုပ်ကိုင် တတ်ဖို့တော့လိုမှာပါ"ဟု ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ပညာရှင်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။
ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှ စတင် ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော Master Card နှင့် Visa Card တို့မှ လာရောက်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် လက်ရှိအစိုးရလက်ထက် ဈေးကွက်စီးပွားရေးစတင်ပြီး ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ပြီး ၂၀၀၃ ခုနှစ်ဆန်းပိုင်းထိ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်အတွင်း ပုဂ္ဂလိကဘဏ် အချို့ တွင်ဖြစ်ခဲ့သည့်ငွေဖြစ်လွယ်မှုအကျပ် အတည်းနှင့်ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ်ကတ်စနစ်ကိုကန့်သတ် ခဲ့ရကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် အစိုးရပိုင်စီးပွားရေးဘဏ်ကို အကြွေးဝယ်ကတ်စနစ် တစ်မျိုးဖြစ်သည့် Smart Card သုံးစွဲခွင့် ပြန်လည်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

အကြွေးဝယ်ကတ်သည် ဘဏ်များ၏ အဓိကလုပ်ငန်းများဖြစ်သော အပ်ငွေလက်ခံခြင်း လုပ်ငန်းနှင့် ငွေထုတ်ချေးခြင်း လုပ်ငန်းကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်သည့် စနစ်ဖြစ်ပြီး လက်လီဘဏ်လုပ်ငန်း (Retail Banking) ဖြစ်သည်။ ထို့အပြင် အကြွေးဝယ်ကတ်သည် စားသုံးသူချေးငွေ အခွင့်အလမ်းတစ်ရပ် (Consumer Credit Facility) ဖြစ်ပြီးငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခြင်း၊ ငွေကိုင်ပြီး အသုံးပြုရန် မလိုအပ်ခြင်း၊ ငွေကြေးလုံခြုံမှုရှိ ခြင်း၊ ငွေရေတွက်ရသက်သာခြင်း၊ ဘဏ်ထုပ် ထုပ်ရန် မလိုအပ်ခြင်း၊ လုံခြုံအောင် သိမ်းဆည်းရန် လွယ်ကူခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း၊ ဘဏ်ငွေအသွင်းအထုတ် လုပ်ရန်မလိုအပ်ခြင်း၊ ဘဏ်များမှစာရင်း ရှင်အပ်နှံငွေရရှိခြင်းစသည့် အားသာချက်များရှိကြာင်း၊ အလားတူ အားနည်းချက်များလည်းရှိပြီး စည်းမျဉ်း စည်းကမ်းနှင့် စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းခြင်းများဖြစ်ပေါ်နေချိန်တွင် တွေ့ရှိရနိုင်သည့် အားနည်းချက်များမှာ ငွေကြေးဖောင်းပွမှု များပြားနိုင်ခြင်း၊ ကုန်ဈေးနှုန်းတက်နိုင်ခြင်း၊ စားသုံးသူများမှ လွယ်လွယ်များများ အသုံးပြုနိုင်ခြင်းကြောင့် အကြွေးဝန် ထုပ်ဝန်ပိုးများလာခြင်း၊ အသုံးစရိတ်များလာခြင်းတို့ကို ကြုံတွေ့နိုင်ကြောင်းသိရသည်။



@ ELEVEN NEWS

No comments:

Post a Comment