ကျွန်တော်တို့ရဲ့မြို့ကလေး

Monday, March 7, 2011

အိန္ဒိယမိုဘိုင်းလ်ဖုန်းဂယက်နှင့် နိုင်ငံရေး ပြဿဒါးရက်များ

အိန္ဒိယမိုဘိုင်းလ်ဖုန်းဂယက်နှင့် နိုင်ငံရေး ပြဿဒါးရက်များ



By The Voice Weekly Originally posted 04/03/2011 12:59PM



စားဝတ်နေရေးထက် မိုဘိုင်းလ်ဖုန်းဝယ်သုံးရေးကို ပိုအလေးထားနေတဲ့ အိန္ဒိယ လူ့အဖွဲ့အစည်းမှာ အစိုးရကို ဝင်ဆောင့်နေတဲ့ လှိုင်းလုံးကြီးတစ်လုံး ရှိနေတယ်။ ဒီလှိုင်းလုံးရဲ့ဒဏ်ကို အိန္ဒိယအစိုးရ အလူးအလဲ ခံစားနေရတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံး ဖုန်းဆက်သွယ်ရေးဈေးကွက် တည်ရှိတဲ့ အိန္ဒိယမှာ ၂၀၁၀ ပြည့်နှစ်ကုန်အထိ မိုဘိုင်းလ်ဖုန်းပေါင်း သန်း ၇၄၀ ကျော်ရှိတယ်။ ၂၀၁၃ ခုနှစ် အရောက်မှာ မိုဘိုင်းလ်ဖုန်း ကိုင်ထားနိုင်တဲ့ အိန္ဒိယပြည်သူ ၁၁၅၉ သန်း ရှိလာလိမ့်မယ်လို့ ခန့်မှန်း ကြတယ်။ အိန္ဒိယ မိုဘိုင်းလ်ဖုန်းဈေးကွက် လည်ပတ်ငွေကြေး ပမာဏက အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံရှိနေပြီ။ ဒီဈေးကွက်က အမှီပြုပြီး တိုက်ရိုက် သက်မွေးဝမ်းကျောင်း ပြုနေတဲ့ လူအရေအတွက် ၃ သန်းနီးပါးရှိတယ်။ သွယ်ဝိုက်အရေအတွက် ခုနစ်သန်းဝန်းကျင် ရှိတယ်။ ဆိုရရင်လူ ၁၀ သန်းနီးပါး အလုပ်အကိုင် ရနေတယ်။ ဒီဈေးကွက်ကနေ အိန္ဒိယအစိုးရဟာ ဘဏ္ဍာရေးတစ်နှစ်ကို အခွန်အခ ဒေါ်လာဘီလီယံ ၃၀ လောက်ရနေတယ်။ အိန္ဒိယမိုဘိုင်းလ်ဖုန်း ဈေးကွက်မှာ နိုင်ငံပိုင် ကုမ္ပဏီတွေရော၊ ပုဂ္ဂလိက Operator တွေ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်တဲ့အတွက် လှိုင်းလုံးကြီး ပေါ်ထွက်လာခဲ့တာပါ။



၁၈၅၃ ခုနှစ်ကစပြီး တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို တရားဝင် အသုံးချလာတဲ့ အိန္ဒိယမှာ ၁၈၈၀ ပြည့်နှစ်ကစလို့ ဖုန်းကုမ္ပဏီတွေ ရပ်တည် အလုပ်လုပ်ခွင့် ရလာခဲ့တာဖြစ်လို့ အိန္ဒိယဟာ တယ်လီဖုန်းနဲ့ အကျွမ်းတဝင် ဖြစ်နေခဲ့သလို ဆက်သွယ်ရေး ကွန်ရက်တွေကို အကြောင်းပြု အခြေခံတဲ့ အဂတိ လိုက်စားမှုတွေလည်း အတောမသတ်နိုင်အောင် ဖြစ်တည် နေခဲ့တယ်။ အိန္ဒိယမှာ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုစနစ်ကို ၁၉၉၅ ခုနှစ်က စတင်ခဲ့တာပါ။ အိန္ဒိယမှာ ပေါ်ထွက် လာခဲ့တဲ့ ညွန့်ပေါင်းအစိုးရ အဆက်ဆက်မှာ ပါတီစုံက ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြတာဖြစ်လို့ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အစိုးရတွေနဲ့ Ideology တွေကလည်း အကွဲကွဲအပြားပြား ဖြစ်ခဲ့တယ်။ အစိုးရအဖွဲ့ဝင်တွေ ကြားမှာရော၊ ပါလီမန်မှာပါ ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်ထဲ နိုင်ငံခြား ကုမ္ပဏီတွေကို ဝင်ခွင့်ပေးချင်သူတွေ၊ မပေးချင်သူတွေ၊ စည်းမျဉ်းသစ် ပြဋ္ဌာန်းချင်သူတွေ၊ မပြဋ္ဌာန်းချင်သူတွေ အမြဲတမ်းလိုလို ရှိနေခဲ့တယ်။ ဆက်သွယ်ရေး ကဏ္ဍမှာ Liberalization ရှိသင့်တယ်၊ မရှိသင့်ဘူးဆိုတဲ့ နိုင်ငံရေး ရှုထောင့်တွေကြားကပဲ လူတွေရဲ့ ဆက်သွယ်မှု ချောမွေ့ရေး လိုအင်က ကြီးထွားလာခဲ့တယ်။



ရွေးကောက်ပွဲကို ဖြတ်သန်းပြီး အာဏာရလာသူတွေ၊ အတိုက်အခံအဖြစ် ရပ်တည်ကြသူတွေကြားမှာ ပေါ်ထွက်လာတဲ့ သဘော တူညီချက်အရ နိုင်ငံခြား ကုမ္ပဏီတွေက ရှယ်ယာ ၄၉ ရာခိုင်နှုန်း ခံစားခွင့်ရပြီး အိန္ဒိယ ဈေးကွက်ထဲမှာ ဝင်လှုပ်ရှားကြတယ်။ ဒါကြောင့် အိန္ဒိယနယ်ခံ ဖုန်းကုမ္ပဏီတွေရဲ့ နည်းပညာတွေလည်း ခေတ်မီ ဖွံ့ဖြိုးလာတယ်။ နိုင်ငံပိုင် ဖုန်းကုမ္ပဏီကြီးတွေလည်း ဈေးကွက် မောင်ပိုင်စီးတာတွေ လွှတ်ချရပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေတယ်။ မိုဘိုင်းလ်ဖုန်းဈေးကွက် ဝေစုပိုရရေး ယှဉ်ပြိုင်တာတွေနဲ့ လုပ်ပိုင်ခွင့် ရှိမှုတွေကနေ ကြီးပွား ချမ်းသာစေကြောင်း ရှာဖွေတတ်တဲ့ လူ့သဘာဝတို့ ထိပ်တိုက်တိုးတဲ့ အချိန်မှာ အာဏာရပါတီရော အစိုးရပါ ခေါင်းကိုက်နေရတဲ့ စိန်ခေါ်မှုကြီး ပေါ်ထွက်လာတာပါ။ အိန္ဒိယအစိုးရဟာ ၂၀၀၀ ပြည့်နှစ်ကစပြီး ပြည်တွင်းဖုန်းဈေးကွက်နဲ့ ပတ်သက်လို့ လစ်ဘရယ်မူဝါဒတွေ ကျင့်သုံးခဲ့တယ်။ လုပ်ငန်းလိုင်စင်ကြေး နှုန်းထား လျှော့ပေးတယ်။ ပုဂ္ဂလိကပိုင် ကဏ္ဍကို တိုးချဲ့တယ်။ နိုင်ငံခြားကုမ္ပဏီတွေကို ရှယ်ယာ ၇၄ ရာခိုင်နှိုင်းအထိ ပိုင်ခွင့် တိုးပေးခဲ့တယ်။ လူလတ်တန်းစား တိုးပွားရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ကောင်းမယ်လို့ ယူဆတာတွေကို ဖော်ဆောင်ခဲ့တာလို့ ဆိုရပါတယ်။



GSM, CDMA မိုဘိုင်းလ်ဖုန်းတွေကို ဆင်းရဲနွမ်းပါး ပြည်သူတွေ လွယ်လင့်တကူ ဝယ်သုံးနိုင်တဲ့အထိ အောင်မြင်မှုတွေ ရခဲ့တယ်။ ၂၀၀၉ ခုနှစ်တုန်းကဆိုရင် တရုတ်က ထုတ်လုပ်တဲ့ မိုဘိုင်းလ်ဖုန်း ဟန်းဆက်တွေကို တင်သွင်းခွင့် ပိတ်လိုက်တဲ့အထိ အိန္ဒိယ အစိုးရအနေနဲ့ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးကြီးထွားနေအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ...။ အိန္ဒိယဈေးကွက်ထဲကို ရောက်နေတဲ့ Apple, Blackberry, e Touch, Nokia, LG, Samsung, Siemens, Wyncomm တို့အပါအဝင် ပြည်တွင်း၊ ပြည်ပ ဖုန်းကုမ္ပဏီပေါင်း ၈၈ ခုလုံးဟာ လုပ်ငန်း တွင်ကျယ် နိုင်စေဖို့အတွက် ဆိုင်ရာပိုင်ရာ အာဏာပိုင်တွေကို ဆက်သမှုတွေ လုပ်နေကြရတယ်။ ဒီအခင်း အကျင်းဟာ ဒီမိုကရေစီ နိုင်ငံတော် အိန္ဒိယရဲ့ ဂုဏ်သရေကိုရော၊ လက်ရှိ အာဏာရ နိုင်ငံရေး အင်အားစုတွေရဲ့ သမာဓိကိုပါ အကြီးအကျယ် ထိခိုက်နေစေတဲ့ အတွက် အတိုက်အခံ အင်အားစုတွေက ဝိုင်းထောက်ကြတဲ့ အခါမှာ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီနဲ့ ပါတီကိုယ်စားပြု ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ခေါင်းကိုက်နေကြရပါပြီ။



အထင်ရှားဆုံးနဲ့ အဆိုးဝါးဆုံး မိုဘိုင်းလ်ဖုန်းဆိုင်ရာ အဂတိလိုက်စားမှု ကျူးလွန်တဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း အေရာဂျာကို ရဲတပ်ဖွဲ့က အရေးယူ ထိန်းသိမ်းလိုက်ပေမယ့် ဖုန်းဂယက်ကြောင့် အိန္ဒိယနိုင်ငံရေး နယ်ပယ်ဟာ ပြဿဒါးရက်တွေကို ဖြတ်သန်း နေရတယ်။ အထိန်းသိမ်းခံ ဝန်ကြီးဟောင်း အေရာဂျာမှာ DMK ပါတီမှ တမီးလ်လူမျိုး ကိုယ်စားလှယ်။ အသက် ၄၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အေရာဂျာဟာ ၁၉၉၆ ခုနှစ်မှာ ပါလီမန်ထဲ ရောက်လာခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ၂၀၀၇ ခုနှစ်မှာ ဆက်သွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ထဲမှာ 2G မိုဘိုင်းလ်ဖုန်း လိုင်စင်ချပေးခဲ့မှုဆိုင်ရာ စွဲချက်တွေကြောင့် ရာထူးက နုတ်ထွက်ခဲ့ရတယ်။ အေရာဂျာဟာ ဆက်သွယ်ရေး ဝန်ကြီးလုပ်တော့ First-Come- First-Serve မူဝါဒနဲ့ လိုင်စင်တွေ ချပေးတယ်။ မိုဘိုင်းလ်ကို အပေါ်ယံ ဖန်တီးပြခဲ့ပြီး နောက်ကွယ်မှာ “စားပွဲအောက်က လက်ကိုကြည့်” စနစ်နဲ့ Political Corruption လုပ်တယ်။ အေရာဂျာ ဘယ်လောက် ရသွားတယ်၊ ဘယ်လောက် ယူသွားတယ်ဆိုတာတွေ စစ်ဆေးနေကြတုန်း ဖြစ်ပေမယ့် အိန္ဒိယ အစိုးရ ကနေ 2G မိုဘိုင်းလ်ဖုန်း ဖန်တီးမှုကနေ နိုင်ငံအတွက် ရသင့်တဲ့ငွေ ဒေါ်လာဘီလီယံ ၄၀ ကျော် နစ်နာခဲ့ရတယ်။



အေရာဂျာဟာ လက်သင့်ရာ စားတော်ခေါ်ပြီး ငွေတွေ သဲ့ယူသွားခဲ့တာ။ သူ့ကို ဆက်သွယ်ရေးဝန်ကြီး ခန့်ထားခဲ့မိတဲ့ သူတွေကတော့ မေးခွန်းတွေကို ဖြေနိုင်ဖို့ ကြိုးစားနေရပြီ။ လက်ရှိ အာဏာရပါတီနဲ့ အစိုးရအတွက် နိုင်ငံရေး ချို့ယွင်းချက်ကြီးတစ်ခု ဖြစ်သွားရပြီ။ လက်ရှိ ဆက်သွယ်ရေးဝန်ကြီး ကာပီလ်ဆီဘားလည်း နေထိုင်လုပ်ကိုင်ရတာ အရမ်း ကျပ်တည်းသွားပြီ။ အဆိုးဆုံးကတော့ အိန္ဒိယ နိုင်ငံရေးသမားတွေဟာ လုပ်ပိုင်ခွင့် ရပြီဆိုရင် နိုင်ငံရေး သစ္စာစောင့်ထိန်းနိုင်မှု လျော့ပါးသွားပြီး ရာဇဝတ်သင့် နိုင်ငံရေးသမားတွေ ဖြစ်လာလေ့ ရှိသလားဆိုတဲ့ ပုစ္ဆာကို ရင်ဆိုင် လိုက်ကြရတာပါပဲ။ အိန္ဒိယပါလီမန်မှာရှိတဲ့ အမတ်ဦးရေ လေးပုံတစ်ပုံလောက်ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ခဲ့ကြရတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ၂၀၀၈ ခုနှစ်အတွင်း ဖော်ပြခဲ့တယ်။ လက်ရှိ အချိန်မှာ အိန္ဒိယပြည်သူ ၇၅ ရာခိုင်နှုန်းဟာ ဌာနဆိုင်ရာတွေ အဂတိ လိုက်စားမှုဒဏ်ကို ရင်ဆိုင်ခံစား နေကြရတယ်တဲ့။ အိန္ဒိယမှာ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေထဲက ၈၅ ခုဟာ အရည်အချင်း မပြည့်ဘဲနဲ့ လုပ်ငန်း ထူထောင်ခွင့် ရထားကြတယ်လို့ အိန္ဒိယ မီဒီယာတွေက ဆိုတယ်။



အိန္ဒိယမှာ အခုဆိုရင် 3G မိုဘိုင်းလ်ဖုန်းတွေနဲ့ New Cricle တွေ ဖန်တီးထားနိုင်ပြီ ဖြစ်ပေမယ့် မိုဘိုင်းလ်ဖုန်းတွေကို BWA လို့ခေါ်တဲ့ Broadband Wireless Access နဲ့ ချိတ်ဆက် အသုံးပြုစေနိုင်ပေမယ့် နိုင်ငံရေး နယ်ပယ်မှာတော့ အဂတိလိုက်စားမှု အညစ်အကြေး တွေကြောင့် “လူကြီးမင်းတို့ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေပါသဖြင့်...” ဆိုတဲ့ အခြေဆိုက်နေတာက “လူအဓိကလား၊ လုပ်ငန်းအဓိကလား” ဆိုတဲ့ မေးခွန်းကို ထပ်မံလေးနက် စေနေပါတယ်။ အိန္ဒိယရဲ့ Mr.Clean လို့ သတ်မှတ်ခံရတဲ့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကတော့ မိုဘိုင်းလ်ဖုန်း လုပ်ငန်း လိုင်စင်ချပေးမှု အားလုံးကို ဆန်းစစ်ပြင်ဆင်ဖို့ ကြိုးပမ်းနေပါပြီ။ လုပ်ငန်း နယ်ပယ်ကတော့ ဖွံ့ဖြိုး အပြန့်ကျယ်နေတုန်း။ အိန္ဒိယ နိုင်ငံသားတွေလည်း ဖုန်းပြောလို့ ကောင်းကြတုန်း။ လက်ရှိအစိုးရလည်း ဘယ်နေရာကနေစပြီး ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရင်ကောင်းမလဲ နဖူးပေါ်လက်တင် စဉ်းစားနေတုန်း။



ဘယ်နိုင်ငံမဆို ခေတ်မီမိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး စနစ်ကောင်းတွေ ရှိနေအောင် ဖန်တီးကြိုးပမ်း တည်ဆောက်နေကြတယ်။ စနစ်၊ လုပ်ငန်း၊ လူ သုံးနားညီ ဟန်ချက်မှန် အလုပ်လုပ်နိုင်စွမ်း မရှိသေးသရွေ့ ဘယ်နိုင်ငံမှာမဆို နိုင်ငံရေး စိန်ခေါ်ချက်တွေ ရှိနေဦးမှာလည်း သေချာပါတယ်။နိုင်ငံရေး ပြဿဒါးရက်တွေ ဖြတ်သန်းနေရပြီဖြစ်တဲ့ အိန္ဒိယမိုဘိုင်းလ်ဖုန်း ဂယက်ကတော့ ဘယ်အတိုင်းအတာအထိ ရိုက်ခတ် နေဦးမလဲ ဆိုတာ ခန့်မှန်းရ ခက်ပါသေးတယ်။ အိန္ဒိယပါလီမန် အမတ်တွေ၊ နိုင်ငံရေး ပါတီတွေကတော့ နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး ပြဿနာတွေ ပြေလည် သွားရေးအတွက် အစီအစဉ်သစ်တွေ ရှာဖွေနေကြတယ်။ ဒီရှာဖွေနေမှုတွေမှာ နိုင်ငံရေး ရည်မှန်းချက်တွေ ပါဝင်နေမှာလည်း သေချာတယ်။ “ဟဲလို... ကမ္ဘာကြီးလား။ အိန္ဒိယ ပြောနေတာပါ။ အားလုံး ကောင်းပါသည်ခင်ဗျား” ဆိုတဲ့ အသံ ကြားရဖို့ အချိန် စောင့်ရဦးမယ် ထင်ပါရဲ့။



ရဲမင်းဦး

Ref: Hindustan, Times, AP, The Observer



Voice Journal @yatanarpon

No comments:

Post a Comment